နောင်လာမဲ့ အနှစ် နှစ်ဆယ်
နောက်တမိနစ်၊ နောက် တနာရီ၊ နောက်တနေ့တောင် လူ့လောကမှာ ကိုယ်ရှိမယ် မရှိမယ် မသေချာတာချည်းကို နောင်နှစ်ပေါင်း နှစ်ဆယ်ထိ အတွေးကို ဆန့်ထုတ်ရမယ် ဆိုတော့ ဒီရွာသား တဆိတ်တော့ လွန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့လဲ ကိုယ်က စိတ်ကူးယဉ်သမား ဆိုတော့ ဟိုဒီသွားနေတဲ့ စိတ်ကူးတွေနောက် ကောက်ကောက်ပါအောင် လိုက်မိပါတယ်။တွေးမိတော့လဲ တမျိုးတည်း မဟုတ်၊ နှစ်မျိုးလောက် တွေးမိတယ်။ ဗိုလ်ချုပ်ပြောသလို အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအတွက်လဲ ပြင်ဆင်ထားရမှာဆိုတော့ တွေးမိတဲ့အတိုင်း ရေးလိုက်ပါတယ်။ နေရာကတော့ ကိုယ်ချစ်တဲ့ မြေမှာပေါ့။
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၁)
မနက်စောစောစီးစီး လမ်းလျှောက်က ပြန်လာတော့ သတင်းစာတစောင် တကျပ်နဲ့ ၀ယ်ခဲ့တယ်။ အိမ်ရှေ့မှာ ကော်ဖီလေးတခွက် သောက်ရင်း သတင်းစာဖတ်နေမိတာ။ ရှေ့ဆုံး စာမျက်နှာကို စိတ်အ၀င်စားဆုံးမို့ ခေါင်းကြီးတွေ အရင် လိုက်ဖတ်နေမိတယ်။လေးနှစ်တကြိမ် လုပ်တဲ့ ရွေးကောက်ပွဲမှာ ဒေါ်စု ပါတီ အနိုင်ရတာ ၅ ကြိမ် ဆက်တိုက် ရှိခဲ့ပြီ။ ပြီးခဲ့တဲ့ အပတ်ကတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးလောကက အနားယူတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ခဲ့တယ်။ တပြည်လုံး ပွက်ပွက်ညံသွားတာပေါ့။ သတင်းစာလွတ်လပ်ခွင့်ကို အပြည့်အ၀ အသုံးချလိုက်ကြတာ အခုထိ ဒီအကြောင်းကို ဝေဖန်သုံးသပ်လို့ မပြီးသေးဘူး။ဒါပေမဲ့ နေ့မအား ညမအား သူတိုင်းပြည်အတွက် လွန်ခဲ့တဲ့ အနှစ်လေးဆယ်လုံးလုံး ပင်ပန်းခဲ့ ကြိုးစားလုပ်ခဲ့တာတွေကို ကျေးဇူးတင် ကျေနပ်ပြီး သူ့ကိုယ်ပိုင်အချိန်လေး မပေးသင့်ဘူးလား။ သူချစ်တဲ့ မြန်မာပြည်ကြီးအတွက် သူ ၀ါသနာပါတဲ့ စာရေးစာဖတ်နဲ့သာ အေးအေးချမ်းချမ်း နေတော့မယ် တဲ့။ လူငယ်တွေနဲ့ စာအုပ်စာပေအကြောင်း ဆွေးနွေးပွဲလေးတွေ ရံဖန်ရံခါ လုပ်ပြီး ဘ၀ကို ရိုးရိုးသာ ဖြတ်သန်းတော့မယ် တဲ့။ပြန်လည်ထူထောင်ရေးကာလတွေမှာ တို့ပြည်သူပြည်သားတွေ စိတ်ရော လူပါ တက်ညီ လက်ညီ ပြုပြင် ကြိုးစားကြလို့ အခုအချိန်မှာ အတော်အတန် တည်ငြိမ်လာခဲ့ရတာပါ။ ကြည့်ပါလား။ သတင်းစာထဲက လူတွေရဲ့ မျက်နှာမှာ ယောက်ယက်ခတ် ပူလောင်တာမျိုး မရှိ၊ အေးအေးချမ်းချမ်း ပြုံးပြုံးရွှင်ရွှင်နဲ့။ ကိုယ်တကယ် စိတ်ပါလို့ ပြုံးတဲ့ အပြုံးချိုချိုတွေနဲ့။တိုင်းပြည်ထူထောင်ရေးမှာ ပညာရေးက နံပါတ် ၁ ဆိုတဲ့အတိုင်း တက္ကသိုလ်ကျောင်းကြီးတွေ လဲ အဆင့်တန်းမီမီ ဖွင့်နိုင်ပြီ။ ပညာသင်စားရိတ်ကို အခမဲ့ နီးပါး ဈေးချိုချို နဲ့ သင်ကြားနိုင်ပြီ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးမှာ ပညာသင်ခဲ့ကြတဲ့ မြန်မာ ပညာရှင်တွေ အကုန်လုံး ကိုယ့်ပြည်ကို ပြန်လာပြီး စေတနာအပြည့်နဲ့ စာသင်ကြတာလေ။ဧရာဝတီတိုင်း မုန်တိုင်းသင့်ဒေသတွေကိုလည်း ပြည်တွင်း ပြည်ပ အကူအညီနဲ့ ကျောင်းတွေဆောက်၊ လမ်းတွေပြင်ကြ။ မြန်မာပြည်ရဲ့ ထမင်းအိုးကြီး ထမင်း ပြန်ချက်နေပြီ။ နာဂစ်က မိဘမဲ့ကလေးတွေတောင် အခမဲ့ တက္ကသိုလ်ကြီး မှာ ဘွဲ့လွန် တက်နေကြပြီဲ။အခုဆို ဆေးရုံတွေမှာ ဆေးတွေ လုံလုံလောက်လောက်၊ ကုတင်နေရာ လုံလုံလောက်လောက် အသုံးပြုနိုင်ပြီတဲ့။ လူတိုင်းလူတိုင်း ကျန်းမာရေးနဲ့ ပတ်သတ်ရင် အာမခံ ရှိတဲ့ ယူကေက ကျန်းမာရေးစနစ်ကို အတုယူပြီး တဆင့်ပြီး တဆင့် ပုံဖော် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေငြာထားသေးတယ်။ကိုယ်အရင်က သွားသွားနေခဲ့ရတဲ့ စာပေစိစစ်ရေးရုံးကြီးကို စာပေကင်ပေတိုင်ရုံးဆိုပြီး ပြတိုက် လုပ်လိုက်သတဲ့။ စာပေမလွတ်လပ်ခဲ့ရတဲ့ ကန္တာရနှစ်တွေကို အမှတ်ရပြီး ကိုယ်ရနေတဲ့ စာပေလွတ်လပ်ခွင့်ကို တန်ဖိုးထား လေးစားအောင်လို့ တဲ့။ အခုတော့ စာပေစိစစ်ရေး မရှိတော့လို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ရေးသားဖော်ထုတ် နိုင်ကြတယ်လေ။ ပန်းတိုင်းပွင့်ကြပြီပေါ့။လမ်းထောင့်တိုင်းမှာလဲ စာအုပ်ဆိုင်လေးတွေနဲ့လေ။ အင်တာနက် ကဖေးလေးတွေ ရှိပေမဲ့ လူတိုင်းအိမ်တိုင်းစေ့ အင်တာနက် ရှိနေပြီဆိုတော့ အပန်းဖြေချင်သူ၊ စကားပြောချင်သူ၊ ကော်ဖီသပ်သပ် သောက်ချင်သူများသာ ရှိနေတယ်။ မြို့နယ်တိုင်းမှာလဲ စာကြည့်တိုက်လေးတွေ ရှိသေးတယ်။ စာအုပ်အဟောင်းလေးတွေကို သပ်သပ်ရပ်ရပ် စနစ်တကျ ငှားဖတ်နိုင်ပါတယ်။ သမိုင်းအချက်အလက်ကို စာအနေနဲ့ရော၊ ရုပ်သံအနေနဲ့ရော ရှာလို့ရသေးတာ။
နောင်လာမဲ့ အနှစ် နှစ်ဆယ် (၂)
ရန်ကုန်တမြို့လုံး ဖုံလုံးကြီး ထ နေသလိုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ထောက်လှမ်းရေးတွေ စွမ်းအားရှင်တွေရဲ့ ဆိုင်ကယ်တွေကထွက်တဲ့ ညစ်ညမ်းလေထု ကြောင့်ပါ။ ဘတ်စ်ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတဲ့ လူအုပ် လူပင်လယ်ကြီးရဲ့ မျက်နှာအားလုံးက တကယ်တော့ အတူတူပဲ။ အားလုံး တမျက်နှာတည်း။မျှော်လင့်ချက်မဲ့ စိတ်ပျက် ၀မ်းဟာ ဒေါသထွက်။ လူတွေရဲ့ မျက်လုံးတွေက မွဲ၊ ပါးစပ်တွေ ပိတ်၊ ဆံပင် နီကြောင်လန် နဲ့။ ဒီနေ့ ရုံးမှာ မလောက်ငတဲ့ မိသားစု ၀မ်းရေးအတွက် အေးဓမြ တိုက်ခဲ့တဲ့ ငွေလေးကို ခါးပိုက်နှိုက်မှာစိုးလို့ တစမ်းတည်း စမ်းနေရတယ်။ ဘေးကကောင်ကိုလဲ မယုံရ၊ အားလုံးမှာ သံသယ အကြည့်တွေနဲ့။တိုင်းပြည်မှာ လူငယ်ဆိုတာလဲ ကုန်ပြီ။ တနေ့တနေ့ ပတ်စ်ပို့ရုံးမှာ အလှူပေးနေသလား အောက်မေ့ရအောင် ပြည်ပထွက်ဖို့ တိုးဝှေ့နေကြတယ်။ ဘယ်လိုနည်းနဲ့ ထွက်ရ ထွက်ရ၊ တောင်းသမျှကို ခြစ်ခြစ်ချုပ်ချုပ်ပေမဲ့ မျက်စိမှိတ် ပေးပစ်လိုက်ကြတယ်။ ကျောင်းတွေကလဲ ပိတ်ထားတော့ ပညာရေး မလောက်မငနဲ့မို့ ပြည်ပမှာလဲ ရရာအလုပ် လုပ်ရအုံးမယ်။ ကူလီမျိုးဟေ့ တို့ဗမာ ဆိုသလိုပေါ့။လမ်းထောင့်တိုင်းမှာလဲ အနှိပ်ခန်းတွေ မှိုလိုပေါက်နေတယ်။ ဟိုး ဆိုင်းဘုတ်ဒ် အကြီးကြီးပေါ်က မြှူဆွယ်နေတဲ့ အနှိပ်ခန်းကြော်ငြာတဲ့ ကလေးမဟာ အ၀တ် ဆင်းရဲလွန်းတယ်။ တမြို့လုံး အဲဒီလို ဆိုင်းဘုတ်ဒ်တွေနဲ့ ပြည့်နေတယ်။လက်ဖက်ရည်ဆိုင်တွေအစား ဘီယာဆိုင်တွေ ညော်နံ့တလူလူနဲ့။ လောင်းကစား ဒိုင်ကြီးတွေဆိုတာ ခမ်းနားပါပေ့။ သူ့ဒိုင်မှာ လာလောင်းရင် စကဒ်တိုတိုနဲ့ ကောင်မလေးက ဘီယာတလုံး အလကား တိုက်သေးတယ်။ချဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘော်လုံးပွဲ ကြိုက်တာလောင်းလို့ရတယ်။ မနက်ဖန် မိုးရွာမလား မရွာဘူးလားဆိုတာတောင် လောင်းလို့ရသေး။ ဒိုင်တွေက အကောင်ကြီးကြီးတွေရဲ့ သားတွေ ဖွင့်ထားတာမို့ ဖမ်းမှာ မပူရဘူး။ တရားဝင် လိုင်စင်ချထားတာလေ။မနက်က ဈေးသွားတော့ ကန်စွန်းရွက်တစည်း တသောင်းဆိုလို့ မဆိုးဘူးဆိုပြီး ကိုင်ကြည့်တာ နွမ်းဖတ်နေပါရောလား။ ပိုက်ဆံကလဲ ထောင်တန်က အနိမ့်ဆုံး အရွက်ပဲ။ ငါးထောင်တန် တသောင်းတန် ကိုင်သုံးနေရပြီ။ သိန်းချီကိုင်မှ တနေ့ဈေးဖိုး ရမယ်။ တက်စီတခါ စီးလိုက်တာ ဟိုနား ဒီနား ၃သိန်း ဆိုပဲ။ ဘတ်စ်ကားခက ငါးသောင်းဆိုတော့ လူတွေ လှိမ့်တိုးနေတာပေါ့။ဈေးတွေက ရော့ကက်လို တက်သလို ထောင်ဒဏ်တွေလဲ သူနဲ့အတူ လိုက်တက်တယ်။ ဒီမနက် သတင်းစာထဲမှာ နိုင်ငံတော်ကို အကြည်အညိုပျက်အောင် လုပ်မှုဆိုပြီး နဂါးနီ သီချင်းဖွင့်တဲ့လူကို ထောင်ချလိုက်တာ ၁၀၅ နှစ်တဲ့။ ဒါ ဘာဟုတ်သေးလို့လဲ။၈လေးလုံး အနှစ် ၄၀ ပြည့် အထိမ်းအမှတ်နေ့တုန်းက အကျီ င်္အနက် ၀တ်လာမိတဲ့ အဒေါ်ကြီး တယောက်ကို စွမ်းအားရှင်တွေ ၀ိုင်းရိုက်လိုက်တာ မျော့မျော့ပဲ ကျန်သတဲ့။ သူ့မိသားစုပါ အကုန် ထောင်ချလိုက်တာ နှစ် ၁၃၀ စီတဲ့။ ထောင်တွေလဲ တိုးချဲ့ဆောက်လိုက်ကြတာ ရန်ကုန်တက္ကသိုလ်ရဲ့ တကသ အဆောက်အဦတောင် ထောင်လုပ်ထားရတယ်လေ။လက်နက်တွေ ဗြောင် ရောင်းဝယ်လုပ်နေတဲ့ လူကြီးလဲ အခု ဘိန်းစက်ရုံပါ ရွှေပြည်သာ မှာ ထောင်လိုက်ပြီ။ မိန်းကလေးချည်းသာ အလုပ်ခန့်မည်လို့ ကြော်ငြာတာလဲ တွေ့လိုက်တယ်။ မန္တလေးနဲ့ တောင်ကြီးတွေမှာပါ စက်ရုံခွဲထောင်မယ် ဆိုပဲ။ စက်ရုံထောင်ခါစက ယူအန် နဲ့ ပြည်ပနိုင်ငံတွေက ကန့်ကွက်ကြောင်း ကြေငြာချက်တွေ ရေဒီယိုမှာ ကြားလိုက်သေးတယ်။ဟိုတလောကတော့ အနှစ် လေးဆယ်ကျော် အုပ်ချုပ်လာတဲ့ အဖိုးကြီးလဲ အစားများလို့ ဗိုက်ပေါက်ထွက် သေသွားပြီ။ အစိုးရရုံးတိုင်း အလံ တိုင်တ၀က်မဟုတ်ဘဲ အောက်ထိ ချရမယ် ဆိုလို့ မြန်မာပြည်အလံတွေ မြေပေါ်ပုံနေတာ တွေ့ခဲ့ရသေးတယ်။ဒါပေမဲ့ ဘာမှတော့ ထူးမသွားပါဘူးလေ။ လှုပ်ရှားတက်ကြွသူတွေကို ထောင်တွေချဲ့ပြီး ထည့်ထားတာ အပြင်မှာ လူမှ မကျန်ဘဲ။ တိုင်းပြည် အုပ်ချုပ်ဖို့ အဖိုးကြီး မြေးက ချက်ချင်းပဲ အာဏာလွှဲယူလိုက်တယ်။ ဆွေစဉ်မျိုးဆက် ဘုရင်တွေလို့ ဆိုတာကိုး။ သူတက်ပြီး နောက်တနေ့မှာပဲ သတင်းစာမှာ အမိန့်ကြေငြာချက် ပါလာတယ်။ သူတို့နဲ့စကားပြောရင် ဘုရား ထူးရမယ် ဆိုပဲလေ။
ကဲ ကိုယ်တွေးမိတဲ့ နောင်လာမဲ့ အနှစ် နှစ်ဆယ်တော့ ဗားရှင်း နှစ်မျိုး နဲ့ ရေးပြီးပါပြီ။ ပထမအပိုင်းကို မျှော်လင့်သူများအတွက်တော့ ကိုယ်ဖြစ်ချင်တာကို ဖြစ်ဖို့ ဘယ်သူမပြု မိမိမှု လို့ ဆိုရမည်သာ။
ဆရာကြီး ဦးတင်မိုးရဲ့ သမီးဖြစ်သူ ဆရာမမိုးချိုသင်း၏ဘလောက်မှတဆင့် ပြန်လည်ကူးယူ မျှဝေပါသည်၊
မိုးချိုသင်း
Friday, 21 August 2009
Thursday, 20 August 2009
Sunday, 9 August 2009
Saturday, 8 August 2009
Monday, 3 August 2009
လူထုကြားက နိုင်ငံရေး
နိုင်ငံရေးဆိုတာ နိုင်ငံတွေအတွင်းမှာ နေထိုင်သူတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေနဲ့ ဒီလူတွေနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာတွေ ဖြစ်တယ်ဆိုရင် နိုင်ငံရေးဆိုတဲ့အရာက ပြည်သူတွေကြားမှာပဲ ရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တိုင်းရဲ့ ပကတိအခြေအနေတွေ၊ ဖြစ်ရပ်မှန်တွေက ပြည်သူလူထုရဲ့ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူထဲက အကြောင်းအရာ အဖြစ်အပျက်တွေဟာ နိုင်ငံရေးအခြေအနေတွေပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ အုပ်စိုးခဲ့သူအဆက်ဆက်က သူတို့အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တိုးတက်သည်ဖြစ်စေ ဆုတ်ယုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် ပြည်သူလူထု ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သူတို့ကတော့ တိုင်းပြည်ကြီးကို သူတို့ ထူထောင်နေတယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သူတို့ကာကွယ်နေတယ်၊ ပြည်သူလူထု ကောင်းစားရေးကို ရှေးရှုပြီး ဦးဆောင်နေတယ်လို့ ပြောကြတာပါပဲ။ ဒီလိုပဲ နောက်အစိုးရတရပ်က ပြောင်းလဲအုပ်ချုပ်လိုက်ပြီ၊ အရင်အစိုးရရဲ့ အာဏာပိုင်မှု မရှိတော့ဘူး ဆိုရင်လည်း လက်ရှိအစိုးရကသာ တိုင်းပြည် ကောင်းစားရေးကို လုပ်ဆောင်နေတယ်၊ ဘယ်ခေတ် ဘယ်အခါကမှ မရှိဖူးတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်နေပြီ စသဖြင့် ပြောလေ့ရှိပါတယ်။
ဒီအတိုင်းသာ မှန်မယ်ဆိုရင် မြန်မာပြည်ရဲ့ တိုးတက်မှု၊ ကြွယ်ဝချမ်းသာမှုတွေက နိမ့်ပါးတဲ့အဖြစ်ကို ရောက်စရာမရှိဘဲ မြင့်မားတဲ့အနေအထားမှာသာ ရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွတ်လပ်ရေးရပြီးစ ကာလတွေအတွင်း အရှေ့တောင်အာရှနိုင်ငံတွေထဲက အကြွယ်ဝဆုံးစာရင်းထဲ ပါဝင်ခဲ့တဲ့အခြေအနေကနေ ဒီကနေ့ ရောက်ရှိနေတဲ့ အနေအထားကို ယှဉ်ကြည့်လိုက်မယ်ဆိုရင်ဖြင့် မြန်မာပြည်ရဲ့ တိုးတက်မှု ဆုတ်ယုတ်မှု အနေအထားကို ထင်ထင်ရှားရှား တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီလိုပဲ ဘယ်လက်ထက်မှာ ပြည်သူတွေ ဘယ်လို ပြည့်စုံမှုရှိတယ်၊ ဘယ်လက်ထက်မှာတော့ ဘယ်လို ချို့ငဲ့ရတယ် ဆိုတာတွေကို ချိန်ထိုးကြည့်ရင်လည်း ဘယ်အစိုးရလက်ထက်က အကောင်းဆုံးဖြစ်ပြီး ဘယ်အစိုးရ လက်ထက်မှာ အဆိုးဆုံး ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါဟာ ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေစရာမလိုဘဲ အလွယ်တကူ သိနိုင်တဲ့ တွက်နည်းလည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးဟာ ပြည်သူတွေရဲ့ အရေးကိစ္စဖြစ်တယ်ဆိုတဲ့အတိုင်း ပြည်သူတွေကို ကြည့်လိုက်တာနဲ့ သက်ဆိုင်ရာ ခေတ်စနစ်ရဲ့ သရုပ်သကန်နဲ့ ပြည်စုံမှု လိုအပ်မှုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။
ဒီအကြောင်း စဉ်းစားမိတဲ့အခါ နိုင်ငံရေးသမား၊ စာရေးဆရာ သိန်းဖေမြင့်ရဲ့ ‘ပြည်သူ့ကြားမှာ အမှန်ရှာ’ ဆိုတဲ့ ခရီးသွားဆောင်းပါးတွေကို သတိရမိပါတယ်။ အဲဒီစာအုပ်ထဲမှာ ခရီးသွားဆောင်းပါး ၆ ပုဒ် စုစည်းထားပြီး ၁၉၆၄ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးဆိုပေမယ့် တချို့ဆောင်းပါးတွေက မဂ္ဂဇင်းမှာ ၈ လ ကနေ ၁ဝ အထိ ခွဲပြီး ဖော်ပြရလောက်အောင် ရှည်ပါတယ်။ ဆောင်းပါးတွေထဲမှာ နေရာဒေသ တော်တော်များများကို သွားရောက်ရင်း အဲဒီဒေသတွေက လူတွေနဲ့ တွေ့ဆုံခဲ့ပုံတွေ၊ တွေ့ဆုံခဲ့သူတွေရဲ့ နေမှုထိုင်မှုတွေကို သမိုင်းဖြစ်ရပ် တချို့နဲ့အတူ ရောနှောရေးသားထားတာဖြစ်ပါတယ်။
‘ပြည်သူ့ကြားမှာ အမှန်ရှာ’ ဆောင်းပါးများဟာ ပါလီမန်ဒီမိုကရေစီခေတ်နဲ့ တော်လှန်ရေးကောင်စီ ခေတ်ဦးမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီခေတ်အခါက ကျေးလက်လူတန်းစား ပုံရိပ်တွေ၊ အဲဒီခေတ်အခါက နိုင်ငံရေး အခြေအနေတွေနဲ့အတူ စာရေးသူရဲ့ အယူအဆတွေကိုပါ ထင်ဟပ်စေတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။
ဖဆပလခေတ်မှာ အမတ်ဖြစ်ခဲ့တဲ့ ဆရာသိန်းဖေမြင့်က သူ့ခေတ်သူ့အခါက လူထုရဲ့ အနေအထားတွေနဲ့ အောင်မြင်တဲ့နိုင်ငံရေးအကြောင်းကို ‘အရှုံးထဲမှ အပြုံး’ဆိုတဲ့ ဆောင်းပါးမှာ အခုလိုရေးသားခဲ့ပါတယ်။
“ဆွေမျိုးသားချင်းတွေထဲတွင် ကျနော်တစ်ယောက် ထွန်းထွန်းပေါက်ပေါက် ပညာတတ်မြောက်ခဲ့ရသည်။ ကျနော်ကား ဆင်းရဲသော ဆွေမျိုးသားချင်းများအား မထောက်ပံ့ မကူညီနိုင်။ ထို့ကြောင့် ကျနော် ရင်ဖိုခြင်း ဖြစ်ရလေသည်။ သို့ရာတွင် ဆင်းရဲကျပ်တည်းခြင်းမှာ ကျနော့်ဆွေမျိုးသားချင်းများ၏ ထူးခြားချက် ကွက်ကွက်မဟုတ်ပါ။ သူတို့သည် သန်းပေါင်းများစွာသော လူထုနှင့်အတူ ကျေးရွာထောင်ပေါင်းများစွာတွင် ဆင်းရဲခြင်း၊ ရောဂါထူခြင်း၊ အသိပညာကင်းမဲ့ခြင်းတို့၌ တဝဲလည်လည် နေကြရ၏။ နိုင်ငံရေးလုပ်ခြင်းသည် တနိုင်ငံလုံးရှိ ထိုလူထုအား ထိုဝဲသြဃထဲမှ လွတ်မြောက်အောင် လုပ်မပေးနိုင်သမျှ အောင်မြင်သော နိုင်ငံရေးဟု မခေါ်နိုင်ချေ။ တစ်ယောက်တည်း ဝန်ကြီးဖြစ်ရုံ သို့မဟုတ် ဝန်ကြီးချုပ်ဖြစ်ရုံဖြင့် အောင်မြင်သော နိုင်ငံရေးဟု မခေါ်နိုင်။ မိတ်ဆွေတစု၊ ဆွေမျိုးသားချင်းတစု ကြီးပွားအောင် လုပ်ပေးနိုင်ကာမျှဖြင့်လည်း အောင်မြင်သောနိုင်ငံရေးဟု မခေါ်နိုင်ပါချေ။”
ဆင်းရဲတဲ့ပြည်သူတွေ ဒီလို ရှိနေပေမယ့် လွတ်လပ်မှုနဲ့ပတ်သက်လို့တော့ တိုးတက်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာသိန်းဖေမြင့်က
“လူထုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း တုံးအောက်က ဖားလို ပိပြားစွာနေခဲ့ရသည်။ ဘာသာရေး ပွဲလမ်းသဘင်များ ရံဖန်ရံခါ ရှိလျှင်သာ မြူးထူးခုန်ပေါက်နိုင်ကြ၏။ နိုင်ငံရေးလှုပ်ရှားမှုကား အီနေသော ရေမျက်နှာပြင်အောက်မှ ရေစီးသလိုသာ နေခဲ့ရသည်။ ယခုမူ နိုင်ငံရေးလှုပ်ရှားမှုသည် မျက်နှာပြင်သို့ တက်လာခဲ့ပေပြီ။ ယခင်ကမူ နိုင်ငံရေးတရားကို နေ့ခင်းနာဖို့ပင် တထိတ်ထိတ် တလန့်လန့် ဖြစ်ခဲ့ရသည်။ ယခုမူ ညတရားပွဲများပင် လုပ်လာကြလေပြီ။ လူထုရင်တွင်းမှာ ငုပ်လျှိုးခဲ့သော နိုင်ငံရေးစိတ်ဓာတ်သည် ယခုအခါ ပွင့်လင်းစွာ မြူးထူးခုန်ပေါက်လာပေသည်။” လို့ ဖော်ပြခဲ့ပါတယ်။
ဆင်းရဲသားဆိုတာ ခေတ်တိုင်း စနစ်တိုင်းမှာ ရှိနေနိုင်ပေမယ့် ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း တိုးတက်မှုမရှိတဲ့ သဘောကတော့ မကောင်းပါဘူး။ ဥပမာအားဖြင့် ‘တော်လှန်ရေးအစိုးရလက်ထက် ဘုတလင်ကို ဤသို့ တွေ့ခဲ့ရ၏’ ဆိုတဲ့ဆောင်းပါးမှာ ဆရာသိန်းဖေမြင့်က ဦးသူတော်ဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးထားပါတယ်။ ဦးသူတော်ဟာ လွန်းပျံ ရက်ကန်းသမဝါယမရဲ့ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူ ဖြစ်တဲ့အကြောင်း ရှင်းပြပြီးတဲ့နောက်
“ဦးသူတော်ကား ယခင်ကလည်း ဥက္ကဋ္ဌ၊ ယခုလည်း ဥက္ကဋ္ဌ။ ထို့အတူ ယခင်ကလည်း ဆင်းရဲချည့်နဲ့သော အိမ်ကုပ်ကလေးဖြင့် နေရ၍ ယခုလည်း ထိုအိမ်ကုပ်ကလေးဖြင့်ပင် နေရလေသည်။”လို့ သူ့ရဲ့သုံးသပ်ချက်ကို ရေးသားထားပါတယ်။ ဒါက ဥပမာတစ်ခုပါ။
နောက်တစ်ခုကတော့ ယာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ချို့တဲ့လှတဲ့ ထမင်းဝိုင်းပါ။ အလုပ်နားချိန်မှာ ထမင်းဝိုင်းဖွဲ့စားဖို့တောင် ဘာဟင်းမှ မပါလို့ ထမင်းထုပ် ဖြေမပြရဲတဲ့ ဖြစ်ရပ်ကလေးပါ။ အဲဒါနဲ့ဆက်စပ်ပြီး ဆရာ သိန်းဖေမြင့်က သူ့အတွေ့အကြုံတချို့ကို အခုလို ရေးပြပါတယ်။
“သူတို့စားရပုံ သောက်ရပုံကိုကြည့်ရင်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ကိစ္စတစ်ခု သွားသတိရလေသည်။ ချင်းတွင်းမြစ်အနောက်ဘက် ဆားလင်းကြီးရွာမှာ ဖြစ်လေသည်။ ရွာတွင်းလျှောက်လည်ရာ ဆင်းရဲနွမ်းပါးလှသော အမယ်အိုတစ်ဦး ထမင်းချက်နေသည်ကို တွေ့ရ၍ ဝင်ကြည့်သည်။ ထမင်းအိုးကို လှန်လိုက်ရာ ဆန်ကွဲတွေ ကျိုနေသည်ကို တွေ့ရသဖြင့် ကျနော်က ‘ဘာလုပ်ဖို့လဲ’ဟု မေးလိုက်၏။ အမယ်ကြီးက ‘ခွေးကျွေးဖို့ပါ’ဟု ဖြေခဲ့၏။ နောက်အမှန်သိရသည်မှာ အမယ်ကြီးသည် ခွေးကျွေးဖို့မဟုတ်ဘဲ၊ သူသောက်ဖို့ ကျိုနေခြင်းဖြစ်ကြောင်းတည်း။ မြန်မာ့အလင်းမှာ ဆားလင်းကြီးသွား ဆောင်းပါးရေးရာ စာမူကြမ်းတွင် ကိုနု (ဝန်ကြီးချုပ်ဟောင်း ဦးနု)က ဤကိစ္စအကြောင်း ရေးထားသော စာပိုဒ်ကို မျဉ်းသားကာ လက်ဝဲဘေးမှ စာရေးဆရာ ချဲ့ကားသည်ဟု မှတ်ချက် ရေးသားလိုက်လေသည်။
ယခုလည်း ကျနော်က ချဲ့ကားသည်ဟု ထင်သူ ရှိကောင်းရှိပေလိမ့်မည်။ ထင်သူအား အပြစ်မတင်ပါ။ လူတွေ၏ ဆင်းရဲမှုမှာ ယုံနိုင်ဖွယ်ရာ မရှိပါချေ။”
ဒီကနေ့မှာလည်း ဒီလို ယုံနိုင်ဖွယ်မရှိတဲ့အရာတွေက ကျနော်တို့တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ ရှိနေပါတယ်။ ပြည်သူကြားက နိုင်ငံရေး ဘယ်လိုရှိနေတယ်ဆိုတာ အုပ်စိုးသူတွေ သိရှိ စာနာနိုင်မှ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်မှ တိုင်းပြည်ရဲ့ နိုင်ငံရေး ကောင်းစားမှာဖြစ်ပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။
ထိန်လင်း (၂၇ ၊ ၇၊ ၂ဝဝ၉)
၂ဝဝ၉ ခုနှစ် ဇူလိုင်လ ၃၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။